(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့နယ်စုပေါင်းရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်

ဘားအံ မတ် ၂၇

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် (၄) ခန်းတွဲ (၄) ထပ် (RC ကွန်ကရစ်) ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို မတ် ၂၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့နယ်စုပေါင်းရုံးပရိဝုဏ်အတွင်းရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။

ကိုယ်ပိုင်နေအိမ်မရှိသည့် ဝန်ထမ်းများနှင့် အခြားဒေသမှ ဘားအံမြို့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေး၊ ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အဆောက်အဦသစ်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းအင်အား (၈၆) ဦးဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး ယခင်က စုပေါင်းရုံး၏ အနောက်ဘက်တွင် (၃) ခန်းတွဲဝန်ထမ်းအိမ်ရာ (၁) လုံး၊ လုံးချင်းသစ်သားအိမ် (၁) လုံးသာရှိခဲ့ရာ ဝန်ထမ်းများသည် အခြားသောအိမ်ရာများနှင့် ပြင်ပတွင် ငှါးရမ်းနေထိုင်ခဲ့ရကာ အရေးပေါ်လုပ်ငန်းများ ပေါ်ပေါက်လာပါက စုစည်းရန်ကြန့်ကြာခြင်း၊ ညရေးညတာဆောင်ရွက်ရသည့် လုပ်ငန်းများတွင် အမျိုးသမီးဝန်ထမ်းများအနေဖြင့် သွားလာရန်ခက်ခဲမှုများ ကြုံတွေ့လျက်ရှိသည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈၀၁ ဒဿမ ၂၄၁ သန်းဖြင့် Glory Zwegabin Co.,Ltd မှ တာဝန်ယူ၍ (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာသစ်ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေး မြို့နယ်စုပေါင်းရုံးအတွင်း ဝန်ထမ်းအိမ်ရာသစ်ကို တည်ဆောက်ပေးခဲ့သည့်အတွက် ပြင်ပတွင်အိမ်ငှါးနေထိုင်ရသည့်ဝန်ထမ်းများ၊ ကိုယ်ပိုင်အိမ်ရာမရှိသည့် ဝန်ထမ်းများအနေဖြင့် အိမ်ငှါးခများသက်သာစေပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် စုစည်းရလွယ်ကူစေကာ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အထက်ဌာနများမှ ပေးအပ်သည့် လုပ်ငန်းတာတန်များကို ယခင်ကထက်ပိုမို၍ ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ဝန်ထမ်းများနှင့် ပြည်သူများနေထိုင်မှုအဆင်ပြေစေရေးအတွက် မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာများနှင့် ပြည်သူ့အငှါးအိမ်ရာများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)