ရန်ကုန် မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ပူးပေါင်းကျင်းပသည့် AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်သည်။
စာကြည့်တိုက်သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့် စာကြည့်တိုက်အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့ ၂၁ရာစုခေတ်ကိုပညာရှင်များက တတ်သိပညာခေတ်(Knowledge Age) ဟု ဆိုကြပါကြောင်း၊ တတ်သိပညာခေတ်ဖြစ်တာနဲ့အညီ ကမ္ဘာတစ်ဝန်းလုံးမှာဆက်သွယ်ရေးနည်းပညာနဲ့ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများကလျင်မြန်စွာတိုးတက်ပြောင်းလဲနေပါတယ်၊ သတင်းအချက်အလက်များ လျင်မြန်လာမှုနဲ့နည်းပညာတိုးတက်ပြောင်းလဲလာမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများက ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့ အခန်းကဏ္ဍကလည်းအရေးပါလာပါကြောင်း၊ ပြည်သူတွေအသိပညာအတွေးအခေါ်မြင့်မားရေးအထောက်အကူ ဖြစ်စေတဲ့ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်တွေရှင်သန်ဖွံ့ဖြိုးဖို့အတွက် အစိုးရ၊ အဆင့်ဆင့်သော စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊ စာကြည့်တိုက်မှူးများနဲ့ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ ယခုသင်တန်းမှပို့ချတဲ့ AIနည်းပညာနဲ့ဆက်စပ်ပြီး စာကြည့်တိုက်ပညာရပ်များကို ကြိုးစားသင်ယူခဲ့ပြီး ဖြစ်သလိုသင်တန်းကရရှိတဲ့ဗဟုသုတတွေကို မိမိတို့စာကြည့်တိုက်တွေမှာ ပြန်လည်အသုံးချကာ မိမိဒေသကပြည်သူများအထူးသဖြင့် လူငယ်များစာဖတ်ရှိန်မြှင့်မားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ခင်လေးစိုးက AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်လှစ်နိုင်မှုအခြေအနေ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း သင်တန်းထူးချွန်ဆုရရှိသူများနှင့်သင်တန်းသားများကို ထူးချွန်ဆုနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ ယနေ့ကျင်းပသောAIနည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်သို့ သင်တန်းသူသင်တန်းသား(၅၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်၂၃ရက်မှ မတ်၂၆ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)