အင်းစိန်မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန် မတ် ၂၇

မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီစစ်မှန်ပြီး နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မတ် ၂၆ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အသိပညာပေးဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး သုခလှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး ကျော်ဟိန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်အိအိဖြူက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register CEIR) ၏ အကျိုးကျေးဇူးများ၊ CEIR စနစ်ဖြင့် ဆောင်ရွက်နိုင်သည့်အချက်များနှင့် လုပ်ငန်းစဉ်များ၊ IMEI နံပါတ်၏အဓိပ္ပါယ်၊ အခွန်ပေးဆောင်ထားခြင်း ရှိ / မရှိ စစ်ဆေးပုံနည်းလမ်း၊ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများ၊ ပြည်ပမှတင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်းများ၏တန်ဖိုးကို အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း၊ CEIR စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းနှင့် အခွန်ပေးသွင်းနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းပြည်သူ (၆၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် မိုဘိုင်းဖုန်းဆိုင်များမှ သိလိုသည်များကိုမေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)