(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၏ဂုဏ်ဆောင် မြို့တော်ခန်းမ ဖွင့်လှစ်

မြစ်ကြီးနား မတ် ၂၇

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြို့အင်္ဂါရပ်လျော်ညီပြီး ကချင်ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများဖြင့် ပေါင်းစပ်ထားသော ခေတ်မီမြို့တော်ခန်းမကို ယမန်နေ့နံနက် (၈)နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မြို့တော်ခန်းမသစ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခင်က ခေတ်နှင့်မလျော်ညီတော့သည့် မြို့တော်ခန်းမဟောင်းအား ဖျက်သိမ်းပြီး အဆိုပါမြေနေရာ၌ ခေတ်နှင့်လျော်ညီပြီး ကချင်ရိုးရာအငွေ့အသက်များပါဝင်သည့် ခေတ်မီမြို့တော်ခန်းမသစ် (၁၈၅ ပေ × ၁၂၄ ပေ× ၃၃ ပေ) အာရ်စီကွန်ကရစ် အဆောက်အဦအား ပြည်နယ်၏ဂုဏ်ယူစရာနေရာတစ်ခုအဖြစ် ပေါ်လွင်အောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း (၄ ဒဿမ ၇၄၁) ဘီလီယံအကုန်အကျခံ၍ တင်ဒါအောင်မြင်သည့် Jade Land Myanmar Company မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခင် မြို့တော်ခန်းမဟောင်းသည်  (၁၆၅ ပေ × ၁၀၂ပေ × ၂၆ပေ) အုတ်ညှပ်၊ ကွန်ကရစ်လောင်း (၂)ထပ် အဆောက်အဦဖြစ်ပြီး ပရိတ်သတ် (၅၀၀)ဦး ဝင်ဆံ့သည့် ခန်းမတစ်ခုဖြစ်ကာ သက်တမ်းအားဖြင့် (၂၇)နှစ်ကြာ သက်တမ်းရှိပြီဖြစ်သည့်အတွက် အဆိုပါ ခန်းမဟောင်းအား ဖျက်သိမ်းကာ အသစ်ဆောက်လုပ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ မြို့တော်ခန်းမဟောင်းကိုလည်း  ၁၉၉၅ ခုနှစ်ကလည်း မတ်လ (၂၇)ရက် တပ်မတော်နေ့ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုမြို့တော်ခန်းမသစ်ကိုလည်း တိုက်ဆိုင်စွာ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

ပြည်နယ်(ပြန်/ဆက်)