ကျိုင်းတုံ မတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာရုံးတွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ထွန်းက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူနေအိမ်၊ ရုံးအဆောက်အဦများတွင် ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပြုဆောင်နိုင်ရေး မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာရုံးအတွင်းရှိ အဆောက်အဦများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)