ကျောင်းကုန်း မတ်၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်၊ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးနှင့်မီးငြှိမ်းသတ်ပုံ၊ ဆီမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံတို့အား ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခဲ့ကြသည်။
အဆိုပါလက်တွေ့သရုပ်ပြရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)