ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ရေကြည်   မတ် ၂၈

ယခုအခါ‌နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စာသင် ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့်လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များစုပေါင်း၍ ယ‌မန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊ ဂိုဒေါင်များတွင် ပစ္စည်းသိုလှောင်ထားမှုအခြေအနေများ၊ လောင်စာဆီသိုလှောင်မှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှုအခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဘူး အသုံးပြုနည်းများကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)