ရန်ကုန် မတ် ၂၈
အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၂၈)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ကေတုမတီခန်းမတွင် မတ်လ ၂၆ ရက် နံနက် ၉ နာရီခွဲ၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ပါမောက္ခချုပ်ဦးကျော်ထွေးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးကိုရှေးရှုပြီး နိုင်ငံတော်နှင့်လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာကြီးရဲ့မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသားတိုင်း၏ အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်များဖြစ်ကြောင်း၊ အရာရှိကြီးများသည် လက်တွေ့နယ်ပယ်တွင် မိမိကိုပေးအပ်သည့် တာဝန်နဲ့လုပ်ပိုင်ခွင့်များကို ချမှတ်ထားသောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမြန်ဆန်စွာ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်း ထမ်းဆောင်ရသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပြီး စွမ်းရည်၊ စွမ်းအားရှိသည့် အဖွဲ့အစည်းများဖြစ်လာအောင် ထမ်းဆောင်ကြစေလိုကြောင်း၊ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်နှင့်မိမိတို့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ခြင်းဖြစ်၍ တတ်နိုင်သမျှ အကောင်းဆုံး အင်ပြည့်အားပြည့် ထမ်းဆောင်ကြရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာပြီး နောက်လိုက်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် ပြုမူနေထိုင်ကြရန်၊ “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း တာဝန်ကျရာနယ်ပယ်တွင် ဝန်ထမ်းကောင်းများအဖြစ် ပြုမူနေထိုင်ကြရန်၊ သင်တန်းမှရရှိသော အသိအမြင်များကို လုပ်ငန်းအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး လက်တွေ့အသုံးပြုကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ သင်တန်းသား (၂၂)ဦး၊ သင်တန်းသူ (၂၇)ဦး၊ စုစုပေါင်း (၄၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂-၂-၂၀၂၆ ရက်နေ့မှ ၂၆-၃-၂၀၂၆ ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်မြင့် (ပြန်/ဆက်)