ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုက်ကြီးမြို့နယ် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

တိုက်ကြီး မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားဘာသာသင်ကြားရေး အထောက်အကူပြု Teaching Assistant (TA) နှင့် တိုင်းရင်းသားစာပေသင် Language Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ရှမ်းကျောင်းကြီးကျောင်းတိုက်၊ နှီးဘုရားကြီးဓမ္မာရုံတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက မိမိတို့၏ တိုင်းရင်းသားစာပေနှင့် ဘာသာစကားကို အရေး၊ အဖတ်၊ အပြော ကဏ္ဍစုံတွင် ပိုမိုစနစ်ကျပြီး ပိုင်နိုင်စွာ သင်ကြားပေးနိုင်သည့် အရည်အသွေးမြင့် ဆရာ၊ ဆရာမများဖြစ်လာစေရန်ရည်ရွယ်၍ မွမ်းမံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားဘာသာသင်ကြားရေးအထောက်အကူပြု Teaching Assistant (TA) နှင့် တိုင်းရင်းသားစာပေသင် Language Teacher (LT) ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ရှမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ရာ တိုင်းရင်းသားရေးရာဝန်ကြီးက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)