ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကျိုက္ကဆံစေတီထီးတော်တင်လှူခြင်းနှင့် ရွှေပြားရွှေသင်္ကန်းဆက်ကပ်လှူဒါန်း

သင်္ဃန်းကျွန်း မတ် ၂၆

ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ သင်္ဃန်းကျွန်းမြို့နယ် ဆုတောင်းပြည့် ကျိုက္ကဆံဆံတော်ရှင်စေတီ ထီးတော်တင်ပူဇော်ခြင်း၊ စေတီတော် ရွှေစင်ရွှေပြားကပ်လှူပူဇော်ခြင်းအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်အထွဋ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျိုက္ကဆံဆံတော်ရှင်စေတီ စိန်ဖူးတော်၊ ပန်းလည်တိုင်နှင့် ငှက်မြတ်နားတော်တို့အား အမွှေးနံသာရည်များ ပက်ဖျန်းခြင်း၊ ပန်းများဆက်ကပ်ပူဇော်ခြင်းများပြုလုပ်ပြီး စေတီတော်အား ရွှေစင်ရွှေပြားဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက လှူဒါန်းမှုတို့အတွက် အမျှပေးဝေပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ စေတီတော်အထွဋ်မှ ရင်ပြင်တော် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံသို့ ပြန်လည်ရောက်ရှိသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက စေတီတော်အတွက် အလှူတော်ငွေ ကျပ်သိန်း ၅၀၀ လှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခဲ့သည်။

ဇော်မိုး (သင်္ဃန်းကျွန်း)