မင်းလှ မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဗဟိုမဏ္ဍပ်တည်ဆောက်မည့်အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပနိုင်ရေး၊ စတုဒိသာများကျွေးမွေးရေး၊ ဆုငွေများချီးမြှင့်ရေး၊ ဖျော်ဖြေရေးအစီအစဉ်များ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ အလှူငွေကောက်ခံရေးနှင့် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး စသည့် ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေါက်စ (ပြန်/ဆက်)