မြိတ် မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများ ဖြစ်ပွားသည့်အခါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ဟန်ချက် ညီညီဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Incident command system(ICS) ကိုအခြေခံသည့် အသိပညာပေးဟောပြော ဆွေးနွေးပွဲကို မတ်(၃၀)ရက် ညနေ(၆:၃၀)နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အသိပညာပေး ဆွေးနွေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးလောင်မှုများတွင် ဖြစ်ပွားတတ်သောဘေးအန္တရာယ်များ၊ ဘေးအန္တရာယ် ဖြစ်ပွားသည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်နည်းများ၊ အသက်ကယ်နည်းစနစ်များ၊ လူနာသယ်ဆောင်နည်းများ၊ အဖွဲ့အစည်းအလိုက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ မီးသတ်တပ်ဖွဲ့သို့ ကူညီဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နှင့် အခြားအရေးကြီးယာဉ်များ နေရာယူရမည့်စနစ်များအကြောင်းကို အကျယ်တဝင့် ပညာပေး ဟောပြောဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ မီးလောင်မှုနှင့် သဘာဝဘေးဖြစ်စဉ်များတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြသော လူမှုကယ်ဆယ်ရေးအသင်း(၂၅)သင်းမှ အသင်းဝင် (၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။ မြိတ်ခရိုင်အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးဆိုင်ရာ ဖြစ်ပွားမှုအနေဖြင့် မီးလောင်မှု၌ (၂၀၂၄)ခုနှစ်တွင်(၂၅)ကြိမ်၊ (၂၀၂၅)ခုနှစ်တွင် (၁၆)ကြိမ်နှင့် (၂၀၂၆)ခုနှစ်မတ်လအထိတွင် (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး သဘာဝဘေး၌ (၂၀၂၄)ခုနှစ်တွင်(၁၅)ကြိမ်၊ (၂၀၂၅)ခုနှစ်တွင်(၃၀)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)