ပုဇွန်တောင်မြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့် စတုဒိတာမဏ္ဍပ်များ ဆောက်လုပ်ရန်နေရာများ ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင် မတ် ၃၁

၁၃၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လမ်းလျှောက်သင်္ကြန်နှင့် စတုဒိတာမဏ္ဍပ်များ ဆောက်လုပ်ရန်နေရာများ လျာထားခြင်းနှင့် ရေရရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဇွန်တောင်ပန်းခြံနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးဝန်းကျင်တွင် လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်များ၊ လက်ဖက်မဏ္ဍပ်များ၊ စတုဒိတာမဏ္ဍပ်များ ဆောက်လုပ်ရန် မြေနေရာအနေအထားများ လျာထားသတ်မှတ်ပြီး ရေလုံလောက်စွာရရှိရေး ရေကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်