သာကေတ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် သာကေတမြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ/ဆရာမများအား သင်တန်းစရိတ်များ ထောက်ပံပေးအပ်သည်။
ဆက်လက်၍ နွေရာသီအခြေခံအားကစားသင်တန်းများ၌ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်ဝသည့် လူရည်ချွန် လူရည်မွန်များ၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြ့ခိုင်စေရန်အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်းသိရပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား သင်တန်းပြများ ဦးဆောင်မှုဖြင့် သင်တန်းသား/သူများက အေရိုးဗစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုအား ကစားနည်းများဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)