မိတ္ထီလာ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများ ဆင်းပွဲအခမ်းအနားကို ဧပြီ ၂ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပန်းချီသင်တန်းနည်းပြ ဦးအောင်ဇင်မြင့်က သင်တန်းသားသင်တန်းသူများအား သင်တန်းမှ သင်ကြားပေးလိုက်သည့် သင်တန်းခန်းစာများကို စဉ်ဆက်မပြက်လေ့ကျင့်သွားကြစေလိုကြောင်း၊ ကျောင်းမဖွင့်မီ အချိန်ကိုအကျိုးရှိရှိအသုံးချစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းသားသင်တန်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)