ပင်းတယ ဧပြီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(ပထမ)အကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသအဆင့်နှင့် မြို့နယ်အဆင့် ဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသား/သင်တန်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဥက္ကဋ္ဌဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသည် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ဂရုတစိုက်ကြိုးစားသင်ယူပြီး သင်တန်းပြီးဆုံးသည့်အချိန်တွင် သင်တန်းမှရရှိသည့်နည်းပညာများ ပညာရပ်များဖြင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ပြီး မိမိတို့ရဲ့ မိသားစု စီးပွားရေး၊ မိမိတို့ဒေသဖွံ့ဖြိုးရေးတို့ကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါ သင်တန်းအား ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ပြီး၊ သင်တန်းတွင် သရက်ကုန်း၊ ရေချမ်းစင်နှင့် ကျေးတွင်းကုန်းကျေးရွာမှ သင်တန်းသား/သင်တန်းသူ (၁၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)