တောင်ငူ၌ ဖြန့်ဖြူးထုတ်လုပ်ရောင်းချသည့် တိုင်းရင်းဆေးမျိုးကုန်ပစ္စည်းများ၌ ဖော်ညွှန်းပြသရမည့် အချက်များ ပြည့်စုံမှန်ကန်မှုရှိမရှိ ကွင်းဆင်း စစ်ဆေး

တောင်ငူ ဇန်နဝါရီ ၁၅

တောင်ငူ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန   ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန နှင့် စည်ပင်သာသာရေးကော်မတီတို့ ပူးပေါင်းကာ ယနေ့နံနက် ပိုင်းက ကုန်သည်ကြီးလမ်းအတွင်းရောင်းချဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာ၌ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသည့် ပစ္စည်းများ၌  ပါဝင်ရမည့် အချက်အလက်များ ၊ သုံးစွဲပုံသုံးစွဲနည်း ၊ စာသုံးသူများ လိုက်နာရမည့် အချက်များ ၊ ထုတ်လုပ်ရက်စွဲ ၊ ကုန်ဆုံးရက်စွဲများ ရေးသွင်း ဖော်ပြထားခြင်းရှိမရှိအား စစ်ဆေးကြည့်ရှုကာ လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူပြည်သူများ သိရှိအောင် ဖော်ညွှန်းပြသရမည့် အချက်များအား ခရိုင်တိုင်းရင်းဆေးပညာဦးစီးမှူး ဦးမြင့်အောင် ၊  ခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့ က ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး  နှင့်  အခြား သုံးစွဲနိုင်သည့် စားကုန်ပစ္စည်းအမျိုးမျိုးတို့ကို စျေးကွက်အတွင်း တင်သွင်းရောင်းချသည့် အခါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြ ပါရှိမှသာ ရောင်းချကြရန် ကုန်ပစ္စည်းအရောင်းဆိုင်များ၌ လည်းကောင်း ၊ စားသုံးသူပြည်သူများ သိရှိစေရန် အသိပညာပေးကဏ္ဍများလည်း ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)