အင်ဂျန်းယန် ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချူပ်ရေးဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို ဦးဆောင်သော အသိပညာပေး အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများလိုက်ပါပြီး ဇန်နဝါရီ (၁၅)ရက်မှ (၁၉)ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် အင်လောက်ယန်ကျေးရွာ၊ အင်ဝိုင်း ကောင်ကျေးရွာ၊ ဇွပ်မိုင်ယန်ကျေးရွာ၊ ဘွမ်နင်ယန်ကျေးရွာ၊ ခွန်ဆိုင်တော်ယန်ကျေးရွာ၊ ပဆီဇွပ်ကျေးရွာ၊ ဆနီတူယန်ကျေးရွာ၊ တန်ဘော်ယန်ကျေးရွာနှင့် ဂွေထော်ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)