ကျုံပျော် မေ ၇
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စု တောင်သူဦးကြည်ဝင်း၏ လယ်မြေနှစ်ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို မေ ၃ ရက်နေ့နံနက်က ပြုလုပ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က သစ်စိမ်းမြေဩဇာ ထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မြေမြှပ်ခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ်ပြည့်ဝကာ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတက်ရေးအတွက် မြေဆွေးပုံများပြုလုပ်သင့်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်မှ အထွက်နှုန်းကောင်း မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ်သို့ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပြီး၊ တောင်သူ ဦးကြည်ဝင်း၏ လယ်မြေ အတွင်းသို့ ( ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)