ကြံခင်းမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကျင်းပ

ကြံခင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး တစ်ဧက(၁၀) တင်းတိုးထွက်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို မေ ၄ ရက်နေ့ နံနက် ၈ နာရီက ကွေ့မအုပ်စု ကွင်းအမှတ် (၄၆)၊ ဦးပိုင် (၃၃၂/၁)၊ ဦးခင်လှ၏ လယ်မြေ ၃.၂၇ ဧကပေါ်၌ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား မြို့နယ်စိုက်တိုးမြင့်အဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးတို့က တောင်သူများအား ပေးအပ်ကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ဦးသိန်းရွှေ၏ လယ်မြေ ၃.၂၇ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပေးကြသည်။

အဆိုပါ သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေလာခြင်း၊ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်လာခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေတို့တွင် ဓာတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)