ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောပွဲ ပြပွဲများဆောင်ရွက်

ဘိုကလေး မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ မုန်တိုင်းဒဏ်ခံအဆောက်အဦး ဆိုင်ကလုန်းရှယ်တာတွင် မေ ၇ ရက်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများ ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့သွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးကိုကိုသက်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့သွင်က မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ ငလျင်ဘေး အပါအဝင် သဘာဝဘေးများနှင့် စပ်လျဉ်းသော သိကောင်းစရာများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ကြပ်ကြီးကိုကိုသက်က မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်းသည်များအား ဟောပြောဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲများအပြီးတွင် တက်ရောက်လာကြသူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ရသစုံ စာအုပ်စာပေများအား ခင်းကျင်းချိတ်ဆွဲပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)