ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေး (၃)ဈေးအတွင်း စနစ်တကျဖြင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဈေးကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ဈေး(၁ ၊ ၂)နှင့် ရေစင်ကွင်းဈေးတို့ ဈေးကော်မတီအဖွဲ့ဝင်များနှင့် မေ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့တော်အင်္ဂါ ရပ်နှင့်အညီ ဈေးများသည် အများပြည်သူဝင်/ထွက်သွားလာမှု အများဆုံးဖြစ်သည့်အတွက် ဈေးတွင်း/ ဈေးပြင်နှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် အဓိကအရေးကြီးကြောင်း၊ ဈေးဆိုင်များသတ်မှတ်ချက်နှင့််အညီ စနစ်တကျ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် စည်းကမ်းထိန်းသိမ်းကြပ် မတ်ရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ယာဉ်ကြောပိတ်စို့မှု မဖြစ်ပေါ်စေရေး၊ အထူးသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သတိပြုကြရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အမှုဆောင်အရာရှိ ဦးလှမိုးက မြစ်ကြီးနားမြို့ပေါ်ရှိ အဆိုပါဈေးများ အပါအဝင် စည်ပင်သာယာရေးကွပ်ကဲမှုအောက်ရှိ ဈေးများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ဈေးများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအစီအမံများ၊ ယာဉ်ကြောပိတ်စို့မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြပြီး အမှတ်(၁ ၊ ၂)ဈေးများနှင့် ရေစင်ကွင်းဈေးကော်မတီအဖွဲ့များမှ တာဝန်ရှိသူများက ဈေးများအတွင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ရေစင်ကွင်းဈေး၊ အမှတ်(၁)နှင့် အမှတ်(၂)ဈေးများအတွင်း ဈေးများသန့်ရှင်းသာယာလှပရေး စီမံဆောင်ရွက် ထားရှိမှုများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးများအတွင်း ရေဝပ်စိုထိုင်းမှုမရှိစေ‌ရေးအတွက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် အနံ့အသက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ပျံကျဈေးသည်များအား သတ်မှတ်စည်ကမ်းနှင့်အညီ သတ်မှတ်နေရာများတွင် စနစ်တကျရောင်းချ‌နိုင်ရေးနှင့် ရေအိမ်သာလုံလောက်စွာတည်ဆောက်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)