မြောင်းမြမြို့တွင် Pilot Project အစီအစဉ်အရ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားသင်တန်းများဖွင့်လှစ်

မြောင်းမြ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် Pilot Project အစီအစဉ်အရဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားသင်တန်းများကို မေ ၄ ရက်နေ့ညနေ (၄) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က ကဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က အားကစားပစ္စည်းများပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လက်ခံရယူခဲ့သည်။

၎င်းနောက် မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများက Pilot Project အစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အားကစားသင်တန်းများမှ ဘောလုံးသင်တန်းသားများ၏ လေ့ကျင့်ဆောင်ရွက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)