မြောင်းမြမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်

မြောင်းမြ မေ ၇

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ကို လုပ်ငန်းစဉ် (၇) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက် ၉ နာရီအချိန်က ကျွဲနွားရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့ သားစပ်ပေးခြင်း တို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ၊ သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား တို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည် ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များတွင် စီးပွားဖြစ်မွေးမြူ ရေးခြံစာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်အစာဆိုင်နှင့် ဆေးဆိုင်စာရင်း ကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊ ကျွဲနွားရောဂါကာကွယ် ဆေးထိုးနှံခြင်း၊ နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများတွင် နမူနာပြ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ဇေယျာ (ပြန်/ဆက်)