ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဆေးရုံတက်ရောက်နေကြသူများအား ကြည့်အားပေး

စစ်တွေ     မေ   ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ မေ ၆ ရက် ညနေပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသည့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်သည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံးအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေကြရသူများဖြစ်ကြောင်း၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် စေတနာမှန်မှန်ဖြင့် ရိုးရိုးသားသား ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆေးရုံကြီးတွင် အသုံးမပြုနိုင်သည့်စက်ကိရိယာများအစား လိုအပ်သောစက်ကိရိယာများ၊ ဆေးဝါးများနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန်နှင့် အခက်အခဲများရှိပါက တင်ပြ ပေးကြစေလိုကြောင်း ဒေသခံပြည်သူလူထု အားကိုးအားထားပြုရသော ဆေးရုံကြီးတစ်ခုဖြစ်လာအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေ ထွေရောဂါကုဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးအတွင်း ကျောက်ကပ်သန့်စင်ခန်း၊ ဆေးသိုလှောင်ခန်း၊ သွေးလှူဘဏ်၊ ရောဂါရှာဖွေရေးဌာန၊ ဓာတ်မှန်ဌာနတို့ရှိ စက်ကိရိယာများအား အသုံးပြုနေမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးလှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ဆေးရုံအုပ်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ဆရာဝန်ကြီးများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် ပြည်သူများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး