လှိုင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်း နေ့ချင်းပြီးဆောင်ရွက်ပေး

လှိုင် မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁၁) ရပ်ကွက်၊ စံပယ်ခြံမိသားစုဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်ထုတ်‌ပေးခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်များကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်းနှင့် UID Card ပြုလုပ်ပေးခြင်းများကို ဆောင်‌ရွက်ပေးခဲ့ကြပြီး ရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုကို လှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့်အတူ နိုင်ငံသားစိစစ်‌ရေးကတ်ပြား များနှင့် UID ကတ်ပြားများအား ကာယကံရှင်လက်ဝယ်သို့ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)