ကမမောင်းမြို့၌ ရက် (၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေး

ကမမောင်း မေ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါသင်တန်းကို မေ ၇ ရက်မှ ၁၅ ရက်အထိ သင်တန်းသား (၃၀)အား ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထက်အောင်နှင့် ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် ကမမောင်းမြို့ရှိ တောင်သူများ၏ ကျွဲ၊ နွားကောင်ရေ (၂၀၀) အား ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ကျွဲနွားပေါင်ပုတ်လက်ပုတ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျွဲ၊ နွား ကောင်ရေ (၁၀၀)အား ကျွဲနွားဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဝက်ကောင်ရေ(၉၀)အား ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကြက်ကောင်ရေ (၁၂၀၀)အား ကြက်လည်လိမ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ရပ်ကွက်များအတွင်းသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကမမောင်း(ပြန်/ဆက်)