ထားဝယ် မေ ၇
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်တွင် ရေရှည်တည်တံ့ခိုင်မြဲ၍ နှစ်ပေါင်းများစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေးရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ၆၆/၁၁ ကေဗွီ၊ ၅၅ အမ်ဗွီအေထားဝယ်ဓာတ်အားခွဲရုံတွင် ရက် ၁၀၀ စီမံချက်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအား တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ထားဝယ်ခရိုင်အတွင်း တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် စဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ထားဝယ်ဓာတ်အားခွဲရုံ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက ဓာတ်အားခွဲရုံ၌ ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှုအပိုင်း၊ ဓာတ်အားဖြန့်ဖြူးမှုအပိုင်းနှင့် ထားဝယ်မြို့နယ်အတွင်း ဝန်အားသုံးစွဲမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးက ထားဝယ်မြို အတွင်း ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်များ၊ သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)