တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘုတ်ပြင်းခရိုင်အတွင်းရှိ ဒေသခံများ၊   အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ 

ဘုတ်ပြင်း  မေ ၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဘုတ်ပြင်းခရိုင်ရှိ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ဘုတ်ပြင်းမြို့ဒေသခံပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များတွေ့ဆုံပွဲတက် ရောက်သည်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုတ်ပြင်းခရိုင်သည် တနင်္သာရီတိုင်းဒေသကြီး၏ အရေးပါသော ခရိုင်တစ်ခုဖြစ်ပြီး တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထားဆေင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ အောင်မြင်ရေးသည် အလွန်အရေးကြီးကြောင်း၊ ဒေသခံပြည်သူ လူထု၏ပူးပေါင်းပါဝင်မှုသည် အဓိကဖြစ်ပြီး ဒေသတွင်း သန့်ရှင်းသာယာရေး၊ တရားဥပဒေလိုက်နာရေး၊ ပညာရည်မြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပြည်သူများ၏ ပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရန် အစိုးရနှင့်ပြည်သူ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အကြံပြုဆွေးနွေးမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး မိမိတို့ကျရာကဏ္ဍတွင် တာဝန်သိစိတ်၊ ဒေသချစ်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်‌ကြောင်း၊ ဘုတ်ပြင်းခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် အတူတကွကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သောက်သုံးရေးရရှိရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လမ်း၊ တံတားလိုအပ်ချက်များ၊ လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာကုန်ထုတ်လမ်းနှင့် ဘာသာရေးကိစ္စရပ်များ၊ အားကစားကဏ္ဍ၊ မြို့မဈေးတိုးချဲ့အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုး/မွေးမြူရေးကဏ္ဍလိုအပ်ချက်များနှင့် လယ်ယာသုံးစက်ပစ္စည်းလိုအပ်ချက်များ၊ အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးအားကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့မှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုံသာရပ်ကွက် မြို့နယ်အားကစားခန်းမတွင် ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများအား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများမှ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်များ(Biometric)ကောက်ယူခြင်း၊ UID ကတ်ပြားများ ဟောင်းနွမ်းပျက်စီးခြင်းများကို ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်သူများအား ပေးအပ်သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အားကစားခန်းမလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အားကစားမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြရာ ဝန်ကြီးချုပ်က  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)