ဆိပ်ကြီးခနောင်တို မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မကူးစက်တတ်သော နာတာရှည်ရောဂါများအကြောင်းနှင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့လယ်ပိုင်းက သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်က မကူးစက်တတ်သော နာတာရှည်ရောဂါများအကြောင်းနှင့် ကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အဆိုပါရောဂါများဖြစ်ပွားရခြင်းအကြောင်းအရင်း၊ ရောဂါမဖြစ်ပွား / မကူးစက်အောင် ဆောင်ရန် / ရှောင်ရန်နှင့် ပြုမူနေထိုင်ရမည့်အချက်များ၊ ရောဂါဖြစ်ပွားပါက ထိရောက်စွာကုသရေးနည်းလမ်းများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ သက်ကြီးအဘိုး၊ အဘွားများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုပြုလုပ်ပေးပြီး ကွေကာအုပ်အာဟာရ၊ ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)