ပွင့်ဖြူ မေ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်ဆွယ်ကျေးရွာအုပ်စု စေတကူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ လိုက်နာရမည့် တာဝန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စေတကူကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူ ၇၉ ဦးကို ငွေကျပ် ၃၁ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇ ဦးကို ငွေကျပ် ၁ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦးကို ငွေကျပ် ၂ ဒသမ ၇ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၉ ဦးကို ငွေကျပ် ၂ ဒသမ ၃ သန်း ၊ စုစုပေါင်း အသင်းသား ၊ အသင်းသူ ၁၀၃ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၇ ဒသမ ၉ သန်း ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )