မကွေး မေ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်းရှိ အောင်သစ်လွင် ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါဈေးသစ်တည်ရှိရာနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် အခြေခံလိုအပ်ချက်များဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အခြေခံအဆောက်အအုံများပြည့်စုံစေရန် ပြည်သူ့အသံကိုနားထောင်၍ အစဉ်တစိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအောင်သစ်လွင်ဈေးသစ်ကြီးသည် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ထဲမှ အဓိကကျသောအဆောက်အအုံတစ်ခုဖြစ်သည့်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက အောင်သစ်လွင်ဈေး တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အောင်သစ်လွင်ဈေးသစ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အောင်သစ်လွင်ဈေးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြပြီး အခမ်းအနားတွင်ကူညီပါဝင်အားဖြည့်ပေးခဲ့ကြသော ပန်းပွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော်များသည် အောင်သစ်လွင်ဈေးသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အောင်သစ်လွင် ဈေးသစ်အားအောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နဲ့ တိုးချဲ့ရပ်ကွက်များမှာရှိတဲ့ ပြည်သူများသန့်ရှင်းသပ်ရပ်စွာနဲ့ဈေးဝယ်ယူနိုင်စေဖို့နဲ့ ပျံ့ကျဈေးသည် များစနစ်တကျရောင်းချနိုင်ဖို့ အတွက် အလျား ပေ(၇၂၀)၊ အကျယ်ပေ(၁၀၀) ပေါ်တွင် ဆိုင်ခန်း (၁၅၃) ခန်း၊ သားငါးဆိုင်ခန်း (၁၂) ခန်း၊ ပျံကျဆိုင်ခန်း (၈၄) ခန်း၊ စုစုပေါင်း(၂၄၉)ခန်းပါဝင်ကာ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ကားများ အလွယ်တကူဝင်ထွက်သွားလာနိုင်ရန် ကွန်ကရစ်လမ်းများခင်းကျင်းပေးထားခြင်း၊ ၄-၁/၂"လက်မစက်ရေတွင်း၊ စင်မြင့်ရေစင်၊ မြေစိုက်ရေလှောင်ကန်များနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် Drain & Apron လုပ်ငန်းများ၊ အများသုံးသန့်စင် ခန်းများကို စနစ်တကျထည့်သွင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူထံမှ သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)