ပန်းတနော်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နွေးထွေးစွာကြိုဆိုဂုဏ်ပြု

ပန်းတနော် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယိပိုင်းက ပန်းတနော်မြို့အဝင် ဆိုင်းဘုတ်နှင့် ရွှေခေတ်စားသောက်ဆိုင်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက လူရည်ချွန်မောင်မယ်များအား မြို့အဝင်မှ စောင့်ကြိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲတွင် အိုးစည်ဗုံမောင်း အကအဖွဲ့များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး၊ လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံပြည်သူများက "လူရည်ချွန်မောင်မယ်များအား ကြိုဆိုပါ၏"စသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ကာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

ယခုကဲ့သို့ လူရည်ချွန်မောင်မယ်များကို ကြိုဆိုဂုဏ်ပြုခြင်းသည် ကျောင်းသားလူငယ်များအကြား ပညာရေး၌ ပိုမိုထူးချွန်ထက်မြက်လာစေရန် အားကျအတုယူဖွယ်ရာဖြစ်စေရန်နှင့် မြို့နယ်၏ ပညာရေးဂုဏ်ဆောင်များကို တန်ဖိုးထားဂုဏ်ပြုတတ်စေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)