ပင်လောင်း မေ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက် အနောက်ဘက်ရှိ ထီရီးတောင်ပေါ်တွင်တည်ထားကိုယ်ကွယ်ထားသည့် စူဠာမုဏိစေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရင်းမှီးရပ်ကွက်အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင် ဒါယကာ၊ ဒါယိကာမများက စေတီတော်၏ ထီးတော်အဆင့်ဆင့်များအား တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်းတို့က စေတီတော်၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရထားယာဉ်တော်သို့ ပင့်ဆောင်တော်မူသွားကြပြီး၊ စေတီတော်သို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် စေတီတော်ထီးတော်ပူဇော်ပွဲလှူဒါန်းမှု အစုစုအတွက် တရားတော်နာယူ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်ထီးတော်တင်ပူဇော်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ အမှတ်(၄)စစ်အခြေခံ လေ့ကျင့်ရေးတပ် ဒုတိယတပ်မှူး ဒုတိယဗိုလ်မှူးကြီးစံအောင်ကျော်နှင့်အရာရှိများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်