မိုင်းယန်း မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီးပြုလုပ်ပေးအပ်ခြင်းများကို ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအားလိုအပ်သည့် အထောက်အထားအချက်အလက်များဖြည့်စွက်ကာ ဇီဝဆိုင်ရာ အချက်အလက်များစိစစ်ကောက်ယူခြင်း လုပ်ထုံလုပ်နည်းများနှင့်အညီ နေ့ချင်းအပြီးစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ထွန်းထွန်းထူး