တာချီလိတ် မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြားပိုမိုနီးကပ်စွာဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားသွားလမ်းရှိ အဆိုပါရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကြသည်။
ထို့နောက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အမှာစကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းဖြင့် ပြည်သူများ၏အခက်အခဲများ၊ ဒေသလိုအပ်ချက်များနှင့် တိုင်ကြားတင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ လက်ခံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူနှင့်လွှတ်တော်အကြား ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း အရေးပါသည့် ရုံးတစ်ရုံးဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းတို့က လွှတ်တော်ကိုယ်စားလှယ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်း၍ ရုံးအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)