ကျောက်မဲ မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ရှိ သာသနာ ၂၅၀ဝ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိ ဘုံခုနှစ်ဆင့် ပြာသာဒ်တော်ကြီး၏ ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် သာသနောဒယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သာဂရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဟိန်းထက်နောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောက်မဲဆရာတော် ဘဒ္ဒန္တ စန္ဒနသာရ ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူကြည်ညိုကြပြီး ရွှေထီးတော်မြတ်ကြီးကို မင်္ဂလာပန်းရထားဖြင့် ဘုံခုနှစ်ဆင့်အစဉ်လိုက် တင်လှူပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော်များက ဂန္ဓကုဋိတိုက်တော်အတွင်း ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်ေတာ်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံစေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်