မိုးညှင်းမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်

မိုးညှင်း          မေ      ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပါအဝင် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရှည်မှန်းချက် တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးမီးသတ်သမားကြီးများ၏ မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင် များအားလုံးကို ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း အမျိုးအစားများကိုလည်းကောင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့ သရုပ်ပြသခြင်းကို လည်းကောင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။

ထို့တူ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း