ရန်ကုန် မေ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သန်လျင်ခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၄)မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက သန်လျင်ခရိုင်အတွင်းကျေးရွာများတွင် ရက်(၁၀၀) စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယနေ့အခမ်းအနားတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၃၀၀)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (၆)ရွာအတွက် တစ်ရွာလျင်ကျပ်သိန်း (၁၅၀)ဖြင့် ကျပ်သိန်း(၉၀၀)တို့ကို သက်ဆိုင်ရာကျေးရွာကိုယ်စားလှယ်များထံ သန်လျင်ခရိုင်အတွင်းရှိ အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှ တ်တော်ကိုယ်စားလှယ်များက လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါရန်ပုံငွေများဖြင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(၁)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(၆)ရွာ၊ ကျေးလက်ရေပေးရေးလုပ်ငန်း(၁၁)ခု၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း(၂)ခုတို့အား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)