ရန်ကုန် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ၌ ယမန်နေ့နံနက် ၁၀ နာရီက မှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗဟန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူးနိုင်ဌေးမှ မှုခင်းအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းလွင်က အသိပညာပေးအကြောင်း ဟောပြောခဲ့ပြီး ဗဟန်းမြို့နယ် အမှတ် (၄၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ ဒုရဲမှူးချစ်မင်းဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် အခမ်းအနားတက်ရောက်လာကြသူများကို တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြပြီး အခမ်းအနားတက်ရောက်လာကြသူများက မှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)