ကျောင်းကုန်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်အနေဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၌ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
လုပ်ငန်းစဉ် (၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီးပွားဖြစ်မွေးမြူ ရေးခြံစာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်သုံးဆေးနှင့် အစာဆိုင်စာရင်းကောက်ယူခြင်း၊ ကျွဲနွားရောဂါကာကွယ်ဆေးများထိုးနှံခြင်း၊ နွားမေထုန်မဲ့သားစပ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်းနှင့် မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ပါဝင်သည်။
အဆိုပါ လုပ်ငန်းများအနက် ကျွဲ၊ နွားရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းတို့အား မြို့နယ်ဦးစီးမှူး (တာဝန်ခံ) ဦးမျိုးမြင့်ဦးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများပူးပေါင်းကာ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ဗလီကွင်းကျေးရွာ၊ ဘဝင်းဆိပ်ကျေးရွာနှင့် မကျီးပင်ကွင်းကျေးရွာတို့တွင် ကျွဲ၊ နွားကောင်ရေ (၁၃၀) ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ဝက်မွေးမြူရေးခြံ (၁၀) ခြံကို နမူနာပြ ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် မွေးမြူရေးခြံမှတ်ပုံတင် PC7 သက်တမ်းတိုးပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)