၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟားခါးခရိုင်အတွင်း ကျပ်သန်း ၂၄၀၀၀ ကျော်ဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ဟားခါး မေ ၆

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ချယ်ရီခန်းမ၌ကျင်းပရာ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ဟားခါးခရိုင်အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆− ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်သူကိုတိုက်ရိုက်အကျိုးရှိ စေမည့်လုပ်ငန်းများကို ထည့်သွင်းလျာထားပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် တင်ဒါအောင်ကုမ္ပဏီများကို စနစ်တကျကြပ်မတ်ရန်နှင့် ဌာနအကြီးအကဲကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစီးမှူး ဦးဝါဟောရ်က ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးများအားလည်းကောင်း၊ ဟားခါးခရိုင်စီမံ အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစီးမှူးက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူးများအား လည်းကောင်း၊ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဖေက မီးသတ်ဦးစီးဌာနနှင့် စီးပွားရေးဘဏ် ခရိုင်ဦးစီးမှူးများအားလည်းကောင်း၊ ဟားခါးခရိုင်စီမံ အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ရဲတပ်တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်လေးက ကျေးလက်လမ်း ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများအားလည်းကောင်း၊ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအားလည်းကောင်း ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်သည်။

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဟားခါးခရိုင်အတွင်း ၂၄၀၅၁ ဒသမ ၇၂၂ ကျပ်သန်းဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)