အိမ်မဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်

အိမ်မဲ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်တွင်းမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရက်(၁၀၀)စီမံချက်ကို လုပ်ငန်းစဉ်(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  စီးပွားဖြစ်မွေးမြူရေးခြံ စာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်အိမ်စာရင်း ကောက်ယူခြင်း၊ တိရစ္ဆာန်သုံးဆေးဝါးနှင့် အစာဆိုင် စာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျွဲနွားကာကွယ် ဆေးများထိုးနှံခြင်း၊ နွားမျိုးကောင်းမျိုးသန့်တိုးပွားလာစေရေးအတွက် နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းများဖွင့်လှစ်ခြင်းနှင့် မွေးမြူရေးခြံများတွင် နမူနာပြ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ပါဝင်ပါသည်။

အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ယနေ့နံနက်ပိုင်းတွင် ဆင်တိုးကျေးရွာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်  နွားမေထုန်မဲ့သားစပ်ခြင်း၊ ဘုရားကြီးကုန်းကျေးရွာတွင် စီးပွားဖြစ်ခြံစာရင်း ကောက်ယူခြင်းနှင့် မွေးမြူရေးခြံများတွင် နမူနာပြပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)