စစ်တွေ မေ ၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၅ ရက် ညနေပိုင်းက စစ်တွေမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းအတွင်း ဘက်စုံသုံးအားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ခန်းမတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့က အကြံပြုဖြည့်စွက် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင် အားကစား သမားများ ပြန်လည်လေ့ကျင့်ကစားနိုင်ရန်အတွက် သွားရောက်ကြည့်ရှုစစ်ဆေးကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ပြည်နယ် ဝန်ကြီးချုပ်က အားကစားကွင်းအား စနစ်တကျပြန်လည်ပြုပြင်နိုင်ရေးနှင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော ပွဲကြည့်စင်များကို စနစ်တကျပြန်လည်ထိန်းသိမ်းနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ အား သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်က KG+ 9 အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍမြင့်မားရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး