မိတ္ထီလာ မေ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ် ကြဲပက်ပွဲကို မေ ၈ ရက် နံနက် ၉ နာရီက စက်ပစ်တောင်ကျေးရွာ ကွင်းအမှတ် ၇၄၀ ရှိ နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ခင်းတွင် ကျင်းပသည်။
ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ်၍ ပက်ဖြန်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ်(ရေဆင်း ပေါ်ဆန်း-၂) ဧက ၁၀၀ စိုက်ကွင်းရှိ စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နွေစပါးစိုက်တောင်သူများ စုပေါင်း၍ သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ်၍ နွေစပါး(ရေဆင်း ပေါ်ဆန်း-၂) စိုက်ဧကများအား ပက်ဖြန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် နွေစပါးစိုက်တောင်သူများက သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ်၍ စိုက်ခင်းများအား ကြဲပက်သည်။
အဆိုပါ ရက် (၁၀၀)စီမံချက်ဖြင့် သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ်၍ ပက်ဖြန်းခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)