ညောင်ဦး မေ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာအနီးရှိ ဂူဘုရားသုံးဆူတွဲလျက် တည်ဆောက်ထားသည့် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်နှင့် လက်ရာအလွန်မြောက်စွာရေးဆွဲထားသည့်၊ နံရံပန်းချီများကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဘုရားသုံးဆူဟူသောအမည်မှာ ဂူဘုရားသုံးဆူ တွဲလျက်တည်ဆောက်ထားသည်ကို အစွဲ ပြုခေါ်ဝေါ်ခဲ့ကြောင်း၊ ကွန်းတောင်ပေါက် ဂူစေတီသုံးဆူအား စင်္ကြန်ပေါင်းကူးလမ်းသွယ်ဖြင့် တစ်ဆူနှင့်တစ်ဆူဆက်သွယ်ထားသည်ကို လေ့လာနိုင်သည်။ မြောက်ဘက်လှည့်မုခ်ပေါက်များဖြင့် တည်ဆောက်ထားကာ ထိုင်တော်မူဆင်းတုတော်သုံးဆူကိုလည်း ဖူးမြော်နိုင်ပြီး အရှေ့ဘက်နှင့်အလယ်ဆင်းတုတော်တွင် လက်ရာအလွန်မြောက်စွာရေးဆွဲထားသော နံရံပန်းချီလက်ရာများကိုတွေ့ရှိရပြီး အနောက်ဘက်ဆင်းတုတော်တွင် နံရံပန်းချီ လုံးဝရေးဆွဲမထားဘဲ ရေးဆွဲစဉ်ကာလကပင် တစ်စုံတစ်ခုသောအကြောင်းကြောင့် ရပ်ဆိုင်းခဲ့ရှိကြောင်း၊ နံရံပန်းချီနှင့်ဗိသုကာလက်ရာအရ (၁၃)ရာစုခေတ်လက်ရာဖြစ် ကြောင်းသိရသည်။
ဘုရားသုံးဆူနှင့်တဆက်တစပ်တည်း အနောက်ဘက်တွင် နရသီဟပတေ့ဘုရား၊အုတ် တိုက်များ၊အုတ်ရိုးများ၊သံမ္ဘူလဘုရား၊ စောလဝန်းဘုရား၊ လေးမျက်နှာဆုတောင်းပြည့် ဘုရားတို့ကိုဖူးမြော်နိုင်ကြောင်းသိရသည်။
ဒီပါလင်း