သရက်ချောင်း မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များစစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)