ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့တက်ရောက်

ပုသိမ်    မေ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို မေ ၈ ရက် နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကြက်ခြေနီ စေတနာလုပ်အားရှင်လူငယ်မောင်မယ် များအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာခံ ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းတစ်ခုသည် အကျိုးရှိရှိ ဦးတည်ချက် မပျောက်ရန် လိုအပ်သကဲ့သို့ ကြက်ခြေနီ အခြေခံမူများနှင့် ညီညွတ် ရမည်ဖြစ်ပါကြောင်း၊ ကြက်ခြေနီအသင်းများအနေဖြင့်လည်း ဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် ကူညီနိုင်ရန်အတွက် အသင်းခွဲများကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ထားရန် လိုသကဲ့သို့  စေတနာလုပ်အားရှင်များ၏ စွမ်းဆောင်ရည်များကိုလည်း တိုးမြှင့်ထားရန်လိုအပ်ပါကြောင်း၊  ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ  (United in Humanity) "ညီညွတ် အားနဲ့ဒို့ကူညီ၊ လူသားချင်း စာနာတဲ့ကြက်ခြေနီ”ဆိုသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် လူမှုရေး၊ ကျန်းမာရေး၊ သဘာဝဘေး တုန့်ပြန်ရေးကဏ္ဍများ တွင် ကြက်ခြေနီ လူငယ်မောင်မယ်များအနေဖြင့် လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်ဖြင့် ညီညွတ်အားနှင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ပါစေကြောင်း”ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌကပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အမှုဆောင်က ဖတ်ကြား ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည်  ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဗီဒီယိုနှင့် မြန်မာနိုင်ငံအသင်း (၈၈)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေး မှတ်တမ်း ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးသည်။

 ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီးနောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားတွင် ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများက ဆုများချီးမြှင့်ကြသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အထိမ်းအမှတ်ပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)