အိမ်မဲမြို့နယ်တွင် တောင်သူများနှင့်ဝန်ထမ်းများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲပြုလုပ်

အိမ်မဲ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်တောင်သူများနှင့် ဝန်ထမ်းများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးမြင့်မှ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ ဦးထင်ကျော်ဦးမှ  ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီ မြေယာစတင်ပြုပြင်ချိန်မှ အပင်သက်တမ်းတစ်လျှောက် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာစနစ်တကျထည့်သွင်းခြင်းဖြင့်  ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ခြင်းအကြောင်းဆွေးနွေး ပြောကြားခဲ့သည်။  

ဆက်လက်၍ တိုင်းမျိုးစေ့တာဝန်ခံ၊ ဒေါ်ညိမ်းညိမ်းတိုးမှ မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။      

ထို့နောက် ပုသိမ်ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ ဒေါက်တာ ခင်လဲ့ဦးမှ ကောက်ရိုးမြေဆွေးပြုလုပ်ခြင်းနှင့် စပါးခွံဖြင့် ဘိုင်အိုချာထုတ်လုပ်ခြင်းအား စာတွေ့၊လက်တွေ့ပြုလုပ်ပြသခဲ့ပြီး ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့်တောင်သူများနှင့် ဝန်ထမ်းများက တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)