လားရှိုးမြို့ အ.ထ.က (၂) ကျောင်း၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်း

လားရှိုး  မေ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ယဉ်ကျေးသိမ်မွေ့လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၈ ရက်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြိုင်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လားရှိုးခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် တာဝန်ရှိသူများက  ယဉ်ကျေးလိမ္မာသင်တန်း အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀ ဦးတို့အား ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းအား သင်တန်းနည်းပြဆရာမကြီး ၄ ဦးဖြင့် မေ ၂ ရက်မှ ၈ ရက်အထိ  ဖွင့်လှစ်သင်ကြား‌ပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၀ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)